fbpx

ကျွန်တော်မှန်းတာ မမှားရင် ခင်ဗျားအနေနဲ့ အိုင်တီဆိုတဲ့ စကားလုံးကို ကြားဖူး မြင်ဖူးတာ မနည်းလောက်တော့ဘူး.. မြင်ပါများလို့ တစ်ယောက်ယောက်က ပြောလိုက်ရင် အော် အိုင်တီ များကွာလို့တွေးပြီး ကွန်ပျူတာတွေ၊ ဖုန်းတွေ ခေါင်းထဲတောင် ပေါ်ရင်ပေါ်လာလောက်တယ်..

ဒီတော့ ကျွန်တော်က မေးခွန်းတစ်ခုမေးကြည့်မယ်.. အိုင်တီဆိုတာ ဘာလဲ နည်းနည်းလောက်ရှင်းပြပါလား.. ဆေးပညာဆိုတာ အနာရောဂါတွေပျောက်ကင်းဖို့၊  Engineering ဆိုတာ တိုက်တာ အဆောက်အဦတွေ၊ စက်ပစ္စည်းအသစ်တွေ တည်ထွင်ဖို့ ဆိုတာလိုမျိုး တိတိကျကျ အဖြေကိုလိုချင်တာ..

အိုင်တီဆိုတာ ကွန်ပျူတာတွေနဲ့ လူတွေကိုချိတ်ဆက် အင်တာနက်သုံး YouTube ကြည့်လို့ရ၊ စာတွေပို့လို့ရဆိုတဲ့ မရေမရာ အဖြေမျိုးမဟုတ်ဘူး..“ဆေးပညာဆိုတာ အနာရောဂါတွေ ပျောက်ကင်း သက်သာအောင် လုပ်တာ” ဆိုတာလိုမျိုး တစ်ခွန်းထဲနဲ့ တိကျတဲ့ အဖြေကိုလိုချင်တာ..

အကယ်လို့ ခင်ဗျားအနေနဲ့ ဘာပြောရမှန်းမသိဘဲ သိသလိုလို မသိသလိုလိုပဲ ဆိုရင်တော့ ဒီဆောင်းပါးကို ဆုံးအောင်ဖတ်ကြည့်သင့်တယ်..

အမှန်တော့ လူတစ်ရာမှာ ကိုးဆယ်ကျော်လောက်က ဒီလိုပဲ IT ဆိုတာ ကို သိတယ်လို့ထင်နေပေတဲ့ တကယ်တမ်းကောက်မေးလိုက်ရင်မသိတော့ဘူး.. နောက်ဆက်တွဲကတော့ အိုင်တီဆိုတာ ဖုန်းပြင်တာလို့ ထင်တဲ့လူကထင်၊ အသစ်ထွက်တဲ့ ကွန်ပျူတာ၊ ဖုန်း Review တွေကို အိုင်တီထင်တဲ့လူကထင်နဲ့ “မျက်မြင်ပုဏ္ဏား ခြောက်ယောက်” ရဲ့ ဆင်လို အိုင်တီဆိုသဟာကြီးဟာ တစ်ယောက်တမျိုးစီ သောက်အိုးစည်တွေဖြစ်ပြီး ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တယ်..

အဘိဓါန်တွေမှာတော့ IT ကို

the study or use of systems (especially computers and telecommunications) for storing, retrieving, and sending information.

ဆိုတာလိုမျိး ဖွင့်ကြတယ်.. ကွန်ပျူတာများနှင့် ဆက်သွယ်ရေး နည်းပညာများကို အသုံးပြု၍ သတင်းအချက်အလက်များ သိမ်းဆည်း၊ ရယူ၊ ဖြန်‌‌ဝေခြင်းကို လေ့လာသည့် ဘာသာရပ် လို့ပဲ အကြမ်းဖျင်းဆိုပါတော့.. ကျွန်တော့် အမြင်တော့ အဘိဓါန်ထဲ ပါတဲ့ ဖွင့်ဆိုချက်ဟာ လုံလောက်တယ်.. အလို အပိုမရှိဘူး.. တိကျတယ်ပေါ့..

ဒါပေမဲ့ ပြဿနာက ကျွန်တော် စာသင်ပေးဖူးတဲ့လူအများစုကို အဲ့ဒါကြီးသွားပြရင် နားမလည်ကြဘူး.. သေချာလေ့လာကြည့်တော့ လူအများစု နားမလည်တာက Information ဆိုတာ ဘာကြီးကို သိပ်မရှင်းကြတာ.. တခြာမျက်စိလည်စရာ Data ဆိုတဲ့စကားလုံးကလည်း ရှိနေသေးတာကိုး..

ကျွန်တော့် အမြင်ပြောရမယ်ဆို ကိုယ့် Messenger ထဲစာရိုက်ပြီး သူငယ်ချင်းဆီစာလှမ်းပို့တာလောက်ကစလို့  ဟိုး Google လောက်အထိဟာ Data to Information Lifecycle ပဲ.. ပြောရရင် Data နဲ့ Information သံသရာ လည်နေတာပဲ.. ရှင်းကာမှ တော်တော်ရှုပ်နေပြီမဟုတ်လား 😂

Data & Information

ဒီတော့ ကျွန်တော်တို့ အခြေခံလေးတွေကနေ နည်းနည်းပြန်စကြည့်ရအောင် .. IT နဲ့ ပတ်သတ်လာရင် အခြေခံမှာ မပါမဖြစ် နှစ်ခုက Data နဲ့ Information ပဲ. ဒီတော့ Data ဆိုတာဘာလဲ Information ဆိုတာဘာလဲ ကွဲကွဲပြားပြား မသိရင် နားလည်ဖို့ ခက်နေမှာပဲ…

ဥပမာ ပုဂံမှာ ဟိုတယ်အလုံး တစ်ရာ ရှိတယ်.. ဒါက Data (အချက်အလက်) ပဲ.. အဲ့လို အချက်အလက်မျိုးဟာ စီးပွားရေးသမားတွေနဲ့ တခြား အချက်အလက်ပေါ်မှာ အမီပြုတဲ့ အခွန်ဌာနလိုမျိုးအတွက်အသုံံးဝင်ပေမဲ့ ပုဂံဘုရားဖူး သွားရင် တည်းဖို့ နေရာ ရှာနေသူတွေအတွက်တော့ ဘာမှ အသုံးမဝင်ဘူး..

ဘုရားဖူးသွားရင် တည်းဖို့ ဟိုတယ်ရှာနေတဲ့လူက ပုဂံမှာ ဟိုတယ်ဘယ်နှလုံးရှိတယ်ဆိုတာထက် စျေးအသင့်ဆုံးဟိုတယ်တွေ၊ မြိုထဲနဲ့ အနီးဆုံံးဟိုတယ်တွေ၊ အကောင်းဆုံးဟိုတယ်တွေ စတာလိုမျိုး သုံးစားလို့ရမယ့် အချက်အလက် (Information) ကိုပိုလိုချင်ကြတယ်..

အကောင်းဆုံး ဟိုတယ်ဆယ်လုံးဆိုတဲ့ သတင်းအချက်အလက်(Information) ကို ဘယ်ကရလဲဆိုတော့ ဟိုတယ် အလုံးတစ်ရာ ရှိတဲ့ဆိုတဲ (Data) ပေါ်က မှ အခြေခံပြီးရတယ်..

နောက်ထပ် သိထားစရာတစ်ခုကတော့ တချို့လူတွေအတွက် Data ဟာ တချို့လူတွေအတွက် Information ဖြစ်နေနိုင်တယ်.. ပုံဂံမှာ ဟိုတယ်အလုံးတစ်ရာ ရှိတယ်ဆိုတဲ့ ကိစ္စဟာ ဘုရားဖူးသွားမယ့်လူအတွက်တော့ Data ပဲ .. သိပ်သုံးလို့ မရဘူး.. ဒါပေမဲ့ အခွန်ဌာန အတွက်တော့ ပုဂံမှာ ဟိုတယ်အလုံးတစ်ရာ ရှိတယ်ဆိုတာက Information ပဲ .. သူတို့အတွက် ဘယ်ဟိုတယ်အကောင်းဆုံးလဲဆိုတာက အရေးမကြီးဘူး.. သူတို့အလုပ်က ဒီဟိုတယ် အလုံးတစ်ရာလုံးဆီက ခွင်ဖန် .. မှားလို့ အခွန်ကောက်ရမယ်..

ဒီလောက်ဆိုရင် Data နဲ့ Information ကို အကြမ်းသဘောလောက်တော့ နားလည်ပြီလို့ ယူဆတယ် (နားမလည်လည်း ထပ်မရှင်းပြတော့ဘူး.. စာရိုက်ရတာ လက်လည်း ညောင်းလှပြီ).. ဒီတော့ မူလ ပြဿနာ ဖြစ်တဲ့ IT ဆိုတာ ဘာလဲဆိုတာကြီးကို တချက် ပြန်သွားကြည့်ရအောင်..

Information Technology

ပြောရရင် Information Technology ဆိုတာကြီး ခေတ်မစားခင် ကတည်းက ပုဂံမှာ ဟိုတယ်ဘယ်နှစ်လုံးရှိသလဲ.. ဘယ်ဟိုတယ် အကောင်းဆုံးလည်းဆိုတဲ့ မေးခွန်းတွေဟာ ရှိပြီးဖြစ်တယ်.. အရင်ခေတ်ကတော့ သူ့ခေတ်သူ့ အခါအလျှောက် ဟိုတယ်ဘယ်နှလုံး ရှိလဲ သိချင်ရင် စာအုပ်ကြီးတွေနဲ့ စာရင်းမှတ်ထားရတယ်.. ဘယ်ဟိုတယ် အကောင်းဆုံးလဲ သိချင်ရင် လမ်းညွှန်လိုမျိုးကိုမေးရတယ်..

ဘာဖြစ်လဲဆိုတော့ ကိုယ်သိချင်တာ တစ်ခုသိရဖို့ အချိန်ကြာတယ်ပေါ့.. ကွန်ပျူတာတွေပေါ်လာတယ်.. အိုင်တီဆိုသဟာကြီးဟာ လူတိုင်းနီးပါး ပါးစပ်ဖျားရောက်လာတယ်.. ခုခေတ်မှာ ပုဂံမှာ ဟိုတယ် ဘယ်နှလုံးရှိလဲ သိဖို့ .. ခုလက်ရှိ ရုံတင်နေတဲ့ဇာတ်ကားတွေသိဖို့ …. ဆယ်လီဗျစ်တီတွေကနေ လမ်းထိပ်က အကြော်သည်ရဲ့ အတင်းအဖျင်းကို သိဖို့ Yellow Pages လှန်စရာမလို၊ ရုပ်ရှင်ရုံတန်းကိုသွားစရာမလို၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ လှန်ကြည့်စရာမလိုသလို  ရပ်ကွက်ထဲ ဆင်းအတင်းတုပ်စရာလည်း မလိုတော့ဘူး..

အချုပ်ပြောရရင်တော့  IT ဆိုတာ လူတွေ လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ရယူ ဖြန့်ဖြူးပေးနိုင်အောင် လုပ်ဆောင်ပေးတဲ့ ပညာရပ်ပါပဲ..

ထွက်သမျှ ဖုန်းရီဗျူးတွေဖတ်ပြီး ကိုယ့်ဟာကိုယ် အိုင်တီ စိတ်ဝင်စားသူကြီးထင်နေရင်တော့ မောင်တို့ မယ်တို့ဟာ ဖုန်းကြိုးသွယ်ထားတဲ့ ဓါတ်တိုင်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို Graham Bell ဖြစ်လာမယ့်လူတွေလို့ အထင်ရောက်နေတယ်လို့ပဲ ပြောချင်တယ်..