Select Page

ဒီနေ့ ကလေးမိဘ မိတ်ဆွေတစ်ယောက်နဲ့ စကားစပ်မိလို့ပါ .. မိတ်ဆွေလုပ်တဲ့လူကမေးတယ် “မင်းကွန်ပျူတာသင်တန်းမှာ ကလေးအတန်းတွေလည်းဖွင့်တယ်ဆိုတော့ ကလေးတွေအတွက် တကယ်ရော လိုလို့လားတဲ့”.. အမှန်တော့ သူဆိုလိုချင်တာက ဒီကလေးတွေကို ကွန်ပျူတာသင်ပေးလို့ ဘာအကျိုးရှိမှာလဲပေါ့ .. အားနာလို့ စကားကို လှအောင် ပြောတာပါပဲ..

မိတ်ဆွေက သူ့ကလေးကို ကျောင်းစာကိုပဲ အားထည့်ပြီးလုပ်ခိုင်း အချိန်တန် ဆရာဝန်ကြီးဖြစ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဦးနှောက်ဆေးခံထားရတဲ့ ပညာရေး အတွေးအခေါ်ကြီးထဲ ပိတ်မိနေတဲ့လူတွေထဲက တစ်ယောက်ဖြစ်တယ်.. သူ့ အမြင်ကတော့ ဒီအရွယ်ကလေးတွေကို ဒါတွေသင်ပေးစရာ မလိုသေးဘူး .. တက္ကသိုလ်ကျောင်းသားအရွယ်လောက်ရောက်မှသင်လည်း ရတယ်.. ကလေးဘဝမှာက ဆရာဝန်ဖြစ်ဖို့ အင်ဂျင်နီယာ ဖြစ်ဖို့ ကျောင်းစာသာ ဖိလုပ်ဆိုတဲ့ အတွေးမျိုးရှိသူဖြစ်တယ်.. နောက်ဆုံး မြန်မာစာ၊ အင်္ဂလိပ်စာတောင်မှ ကျောင်းက သင်ရိုးထဲပါတဲ့ဟာမှ စာလို့ ထင်တဲ့ လူမျိုးပေါ့…

သူပြောပုံက ကလေးကွန်ပျူတာသင်တန်း ဆိုတာမျိုးဟာ ပေါ်ပင်လုပ်ချင်တဲ့ မိဘတွေလောက်သာစိတ်ဝင်စားပြီး ကျွန်တော်တို့ကလည်း အဲ့ပေါ်ပင်လုပ်ချင်တဲ့မိဘတွေကို အမှီပြုပြီး လုပ်စားနေတယ်ဆိုတဲ့ သဘောမျိုးပါပဲ..

အဲ့တော့ဒီမှာ ပြောစရာနည်းနည်းရှိလာတာက ဘာလဲဆိုတော့ အဲ့လို အတွေးအခေါ်မျိုးဟာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်ကဆိုရင်တော့ ကျွန်တော်လည်း လက်ခံမိမှာပါပဲ.. ဒါပေမဲ့ ခုခေတ်က ကမ္ဘာ အဆင်းရဲဆုံး ဆိုတဲ့ နိုင်ငံတွေမှာတောင် လူတိုင်းလက်ထဲ ဖုန်းကိုင်ပြီး ကမ္ဘာရှေ့ခြမ်းက သတင်းကို နောက်ခြမ်းက စက္ကန့် ပိုင်းအတွင်း သိနိုင်တဲ့ခေတ်ကိုရောက်နေပါပြီ…

ကုန်ကုန်ပြောရရင် လမ်းဘေးက ဆိုက်ကားဂိတ်မှာတောင် FB အကောင့်လေးဖွင့်တက် သီချင်းလေး ရုပ်ရှင်လေးကူးတက် ၊ သူတို့စိတ်ဝင်စားတာလေးရှာတက်ဖွေတက်တဲ့ ဆိုက်ကားဆရာက FB အကောင့်ကို သုံးထောင်ပေးပြီးဖွင့်ခဲ့ရတဲ့ ဆိုက်ကားဆရာထက် ပိုလူရာဝင်တဲ့ ခေတ်ကို ရောက်နေပါပြီ… (ပြောမယ့်သာ ပြောရတာ ဒီနေ့အထိ Gmail, FB ဘာညာ အကောင့်တောင်မဖွင့်တက်တဲ့ လူတွေ ဒုနဲ့ ဒေး)

သူတွေးသလို ငယ်တုန်းသင်တော့ ဘာတက်မှာလဲ ကြီးမှ သင်တော့ မရဘူးလား ဆိုရင် ရပါတယ်.. ဒါပေမဲ့ ငယ်တုန်းသင်တယ်ဆိုတာ ဒီနေ့သင်ပြီး နောက်နေ့ Wiz Kid တစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်တာမဟုတ်ပါဘူး.. ကလေးတွေအနေနဲ့ တစ်နေ့ သူတို့ လူကြီးဖြစ်လာမယ့်အချိန်မှာ မလွဲမသေ ကြုံတွေ့ရမယ့် IT ဆိုတာကြီးနဲ့ စိမ်းမနေ အောင် ငယ်ငယ်လေးကတည်းက မိတ်ဆက်ပေးထားတဲ့ သဘောပါပဲ…

ကြီးမှသင်တော့ ဘာဖြစ်လဲဆိုတော့ ခုလက်ရှိ ကျွန်တော်တို့ ကြုံနေရတာကိုပဲ ပြောပြပါမယ်.. လူကြီးတွေ ခုမှ ကျောင်းပြီးကာစ လူငယ်တွေ လုပ်ငန်းခွင် ဝင်ခါနီးမှ ကွန်ပျူတာ သင်တန်း အပြေးအလွှား လာတက်ကြတယ်.. အဲ့ထဲမှာ တချို့ကလည်း တကယ်လိုအပ်မှန်းသိလို့ လာတက်တာဖြစ်ပြီး တချို့တွေကြ ဘာတွေမေးလဲဆိုတော့ Certificate ပေးလား(စာရွက် တစ်ရွက် Print ထုတ်ပေးရတာ ဘာပင်ပန်းတာမှတ်လို့ဗျာ) .. သင်တန်းပြီးရင် အလုပ်ရှာပေးလား.. တစ်ပတ်နှစ်ရက်နဲ့ နှစ်လလောက်သင်တာက ကြာလွန်းတယ်.. တစ်ပတ်လုံးသင်ပြီး မြန်မြန်ပြီးတဲ့ အတန်းမရှိဘူးလား စတာတွေဖြစ်တယ် (ခုသင်ခုတက်ရအောင် ခရု ကတောင်းကြိုက် ဖမ်းရတဲ့အလုပ်ကြလို့.. အဲ့လောက်အချိန်ယူထားတာတောင် စာမလိုက်နိုင်တာတွေအများကြီး) .. ကျွန်တော်ကတော့ ပညာထက် လက်မှတ်လိုချင်တာနဲ့ ပညာကို ဖြတ်လမ်းက လိုက်ချင်တာလို့ပဲ မြင်တယ်..

သူတို့ ကြည့်ရတာ မြန်မြန်တက် မြန်မြန်ပြီး မြန်မြန် Certificate ရရင် အလုပ်လျှောက်ရတာ ပိုအဆင်ပြေမယ် ထင်နေပုံပါပဲ.. ပြေရင်လည်း ပြေနိုင်ပါတယ်.. ဒါပေမဲ့ ခေတ်စကားနဲ့ ပြောရရင်တော့ “အလုပ်ရှင်တို့ သည် သောက်ချဉ် မဟုတ်” လို့ပဲ ပြောရမှာ ဖြစ်တယ်..

သင်တန်းလေး တစ်လ နှစ်လ လောက်တက် Certificate လေးကိုင်ထားရုံနဲ့ တကယ်တမ်း အလုပ်ဖြစ်လောက်အောင် မတက်ဘူးဆိုတာ အလုပ်ရှင်တိုင်းလိုလိုသိပါတယ်.. အဲ့ဒါဆိုမင်းတို့သင်တာ မဟုတ်လို့ ပေါ့လို့ ပြောမယ့်လူတွေအတွက်တော့ တစ်ခုလောက်ပြောပြချင်ပါတယ်.. ကျွန်တော်တော့ မမီလိုက်ပေမဲ့ ကျွန်တော့် မိဘတွေခပ်ငယ်ငယ်အရွယ် မ.ဆ.လ ခေတ်တုန်းက လက်နှိပ်စက်စာရေးတွေ သိပ်ခေတ်စားသတဲ့.. သင်တန်းတက်ပြီး သင်တန်းဆင်းလက်မှတ်ရတာနဲ့ အလုပ်လည်း တန်းရသတဲ့.. တစ်ခုတော့ ရှိတယ်ဗျ.. အဲ့လက်နှိပ်စက်သင်တန်းတွေက နေ့တိုင်း နေ့တဝက်နီးပါးကို ခြောက်လလောက် တက်ရတာပဲ…. Euclid တစ်ယောက် Ptolemy 1st ကိုပြောခဲ့သလို “There is no royal road to geometry” ပါပဲ.. ပညာသင်တဲ့ဆီမှာ ဖြတ်လမ်းမရှိပါဘူး ..

ပြောချင်တာကတော့ အခြေအနေလည်း ပေးရဲ့ သားနဲ့ ကိုယ့်ကလေးကို အလုပ်ခွင်ဝင်ခါနီးမှ ကွန်ပျူတာ သင်တန်း ပြေးတက်တဲ့လူတွေလို ဖြစ်စေချင်ရင်တော့လည်း သဘောပဲလို့ပဲ ပြောရမှာပါပဲ (လူတွေ စာအုပ်တွေထဲ ဖတ်ပြီး အားကျနေတဲ့ ကမ္ဘာအချမ်းသာဆုံးစာရင်းဝင် နည်းပညာသူဌေးတွေဟာ အလုပ်ထဲဝင်ခါနီးမှ ကွန်ပျူတာ သင်တန်းပြေးတက်ပြီး ချမ်းသာလာတာမဟုတ်ဘူး ဆိုတာလေးလည်း သတိချပ်စေချင်သဗျ)… အခြေအနေ မပေးတာ ဆိုရင်တော့လည်း တမျိုးပေါ့ဗျာ..

အဆုံးသတ်တော့လည်း မိဘတွေကို ခြောက်ပြီး သူတို့ သင်တန်း လူရအောင်လုပ်နေတာပဲလို့ လာပြောမယ့်လူတွေ ရှိနိုင်သေးတာမို့ နောက်ဆုံး တစ်ခုလောက်ကြိုပြောချင်ထားချင်တာက ကျွန်တော်က နည်းပညာနယ်ပယ်ထဲ ၁၀ နှစ်နီးပါးလောက် အလုပ်လုပ်ခဲ့ပြီး ခုလက်ရှိ အိမ်ကနေ အလုပ်ထိုင်လုပ်ရင်ကို တစ်နာရီ အနည်းဆုံး ၁၅ ဒေါ်လာလောက်ရတဲ့ Programmer ပါ.. ကလေးတစ်ယောက် ငါးသောင်းခွဲနဲ့ အများဆုံးမှ ဆယ်ယောက်ပဲ လက်ခံတဲ့ ကျွန်တော့်သင်တန်းမှာ နာရီ သုံးဆယ်ကျော်(၂ လ)လောက်သင်မှ ငါးသိန်းခွဲပဲ ရပါတယ်.. အခန်းခ ဝန်ထမ်းစားရိတ်စတာတွေအပြင် ကလေးတွေဆိုတော့ ဘုမသိဘမသိနဲ့ စက်ပိတ်ဆို သင်ထားတာမေ့ပြီး UPS ကြီး ကောက်ပိတ်လိုက်လို့ Hard disk တွေပျက်လို့ ပြန်ဝယ်ထည့်ရတာ.. ဗိုက်ဆာတယ်ဆိုလို့ မုန့် ဝယ်ကျွေးရတာ စတာတွေနဲ့ တွက်ရင် တစ်ခါတလေ အိတ်ထဲကတောင် စိုက်ရပါသေးတယ်..

ဒါပေမဲ့ လိုအပ်တယ်လို့ ထင်တာကြောင့်ရော ကျွန်တော်ကိုယ်တိုင် ကလေးတွေကို စာသင်ရတာ၊ သူတို့ တွေနဲ့ နေရတာကို ပျော်တာ စတာတွေကြောင့် နောက်လည်း ဖွင့်ဦးမှာပါပဲ… ခွင်ဖန်ပြီး လုပ်စားတယ်လို့ မထင်ကြရင်ပဲ တော်ပါပြီ..