fbpx

Steve Wozniak

Apple ပူးတွဲတည်ထောင်သူ Steve Wozniak ရဲ့ အပြောင်အပျက်လုပ်မှု အများစုဟာ သူ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားမှာသာ အသိများပေမဲ့ နည်းပညာလောကက ဆရာကြီးတစ်ဆူ ဖြစ်တဲ့သူဟာ နည်းပညာကို အသုံးပြုပြီး အပြောင်အပျက်တွေလုပ်ခဲ့တာတွေလည်း မနည်းလှပါဘူး။ နိုင်ငံခြားကို ဖုန်းအလကားခေါ်လို့ရတဲ့ “Blue Boxes” လို့ခေါ်တဲ့ ပစ္စည်းတွေထွင်တာကနေ သူများတွေကြည့်နေတဲ့ တီဗွီတွေ မှုန်ဝါးတုန်ခါလာမယ့် ပစ္စည်းတွေထွင်တာလိုမျိုးတွေအထိပါပါတယ်။ သူနဲ့ Steve Jobs ဟာ အဲ့ blue box ကိုသုံးပြီး ပုပ်ရဟန်းမင်းကြီးရှိတဲ့ ဗာတီကန်နန်းတော်ကို တောင် ဖုန်းလှမ်းဆက်လိုက်ပါသေးတယ်။

Gottfrid Svatholm & Fredrik Neij

Pirate Bay ရဲ့ တည်ထောင်သူနှစ်ဦးဖြစ်တဲ့ Gottfrid Svartholm နဲ့ Fredrik Neij ဟာ ၂၀၀၁ ခုနှစ်မှာ အသုံးပြုသူချင်း တိုက်ရိုက် ဖိုင်တွေကို မျှဝေနိုင်တဲ့ Peer-to-Peer Website တစ်ခုတည်ထောင်ခဲ့ပြီး သူတို့ရဲ့ Website ဟာ ကမ္ဘာပေါ်မှာ အကြီး torrent site စာရင်းတွေထဲမှာ တစ်ခုအဖြစ် ပါဝင်လာခဲ့ပါတယ်။ သူတို့ ရဲ့ Website ကနေ တရားဝင်ရော Copyright နဲ့ ငြိစွန်းတဲ့ တရားမဝင် ခိုးကူး ရုပ်ရှင် သီချင်းတွေပါ ‌ဒေါင်းလုပ်ဆွဲနိုင်ပြီး ၂၀၁၀ ခုနှစ်မှာတော့ ဆွီဒင်တရားရုံးမှာ နှစ်ဦးလုံး အပြစ်ရှိတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။

Julian Assange

WikiLeaks တည်ထောင်သူ Julian Assange ဟာလည်း တကယ့် Troublemaker တစ်ဦးဖြစ်ပြီး အမေရိကန်အစိုးရ ရဲ့ လျှို့ ဝှက်သတင်းအချက်အလက်ပေါင်းများစွာနဲ့ စာရွက်စာတမ်းတွေ ကို ဖွင့်ချခဲ့ပါတယ်။

Aaron Swartz

Reddit ရဲ့ ပူးတွဲတည်ထောင်သူ Aaron Swartz ဟာလည်း တကယ့် ပြဿနာကောင်တွေထဲက တစ်ဦးပါ။ သူ့ရဲ့ စိတ်ဦးတည့်ရာလုပ်မှုတွေထဲမှာ သူလိုချင်တဲ့ ပညာရှင်တွေရဲ့ ဆောင်းပါးတွေရဖို့ MIT (Massachusetts Institute of Technology) တက္ကသိုလ်ထဲက Network ထဲ သူ့ကွန်ပျူတာနဲ့ ခိုးချိတ်ပြီး သတင်းအချက်အလက်တွေ ခိုးယူတာမျိုးတွေလည်းပါပါတယ်။ ဝမ်းနည်းစရာကတော့ အဲ့ကိစ္စကြောင့်ပဲ သူဟာ တရားရင်ဆိုင်ရပြီးနောက် ၂၀၁၃ ခုနှစ် Brooklyn ကသူ့နေအိမ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ (၁၉၈၆ မှာ မွေးခဲ့တဲ့ သူဟာ အဲ့အချိန်က အသက် ၂၆ နှစ်သာ ရှိပါသေးတယ်)

Bradley Manning

Bradley Manning ကတော့ အသက် ၂၅ နှစ်အရွယ်(အခုအချိန်မှာတော့ အသက် ၃၀ ရှိနေပါပြီ) အမေရိကန် စစ်သားတစ်ဦးဖြစ်ပြီး အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲ စတာတွေအပြင် တခြား အမေရိကန် အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို WikiLeaks က Julian Assange ဆီကို ပေးဖို့ ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ထိန်းသိမ်းခံထားရပြီး ခုလက်ရှိမှာတော့ လိင်ပြောင်းထားသလို နာမည်ကိုလည်း Bradley Edward Manning ကနေ Chelsea Elizabeth Manning ဆိုပြီးတော့ပြောင်းထားပါတယ်။

Edward Snowden

NSA မှာ Contract နဲ့ အလုပ်လုပ်ခဲ့တဲ့ Edward Snowden ကတော့နောက်ပိုင်းမှာ အမေရိကန်အစိုးရရဲ့ စောင့်ကြည်ရေး ပရိုဂရမ်တစ်ခုဖြစ်တဲ့ PRISM အကြောင်းကို ဖွင့်ချသူတစ်ဦးဖြစ်လာပြီး အဲ့အချိန်ကတည်းက Assange ကသူ့ကို ကူညီခဲ့ပါတယ်။ (PRISM ဟာ အသုံးပြုသူတွေရဲ့ အင်တာနက်ပေါ်က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စိတ်ကြိုက်နီးပါး ဖွင့်ကြည့်နိုင်တဲ့ ပရိုဂရမ်တစ်ခုဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဖုန်းတွေ၊ ကွန်ပျူတာတွေရဲ့ Webcam တွေ ကင်မရာတွေကနေတစ်ဆင့် သူတို့ စိတ်ဝင်စားတာအကုန်လုံးကို လှမ်းကြည့် နိုင်တယ်လို့ ဆိုပါတယ်။ ထူးထူးဆန်းဆန်း တစ်ခုပြောရရင် FB တည်ထောင်သူ ဇူကာဘတ်ဟာ သူ့ Macbook က Webcam နဲ့ Mic Jack ကို တိပ်နဲ့ ကပ်ထားလေ့ရှိပါတယ် )

Anonymous

Anonymous ဟာတော့ လူသိများတဲ့ အင်တာနက်ပေါ်က ဟက်ကာ အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး သူတို့ဟာ ရော်ဘင်ဟုလိုမျိုးပဲ အင်တာနက်ပေါ်က မမှန်ကန်၊ မမျှတဘူးထင်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး Website တွေကို ဖောက်ထွင်းပစ်တာလောက်စလို့ နည်းမျိုးစုံကို သုံးပြီး သူတို့နည်း သူတို့ ဟန်နဲ့ တရားမျှတမှုကို ရှာဖွေနေတဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး သူတို့နဲ့ မတည့်သူတွေအတွက်တော့ သူတို့ဟာ တကယ့် ပြဿနာကောင် အုပ်ကြီးပါပဲ။

John Shiple

ခင်ဗျားအနေနဲ့ Website တစ်ခုခုကို ဖွင့်ကြည့်နေရင်း အပေါ်ကနေ အတင်းကြေငြာကြီးတက်လာတာ မြင်ဖူးတယ်ဆိုရင်တော့ သူ့ရဲ့ ဒုက္ခပေးနိုင်စွမ်းကို မှန်းကြည့်လို့ ရမှာပါ။ တော်တော် စိတ်အ‌‌နှောင့်အယှက် ဖြစ်ဖို့ ကောင်းတဲ့ pop-up ကြေငြာတွေကို စတီထွင်ခဲ့သူကတော့ MIT ကဘွဲ့ရတစ်ဦးဖြစ်တဲ့ John Shiple ဆိုသူပဲ ဖြစ်ပါတယ်။