Select Page

FB ပေါ်တက်ပြီး ရှည်ရှည်ဝေးဝေး စာမရေးဖြစ်တာကြာပြီ.. ဒီနေ့တော့ ပြောချင်တာလေးတွေ ရှိလို့ နည်းနည်း ပြောပါမယ်.. စာရှည်ပေမဲ့ ကိုယ်က မိဘတစ်ဦးဆို ဖတ်ဖြစ်အောင်ဖတ်စေချင်ပါတယ်..

လိုရင်းကို မပြောခင် အရင်ဆုံး ကျွန်တော့အကြောင်း နည်းနည်းပြောပါမယ်.. ကျွန်တော့်ရဲ့ Professional က Developer ပါ.. Website တွေ .. Mobile Application တွေရေးတဲ့ လူတစ်ယောက်လို့ပဲ အလွယ်သတ်မှတ်လို့ ရပါတယ်… နည်းပညာကို စလေ့လာတာကနေ .. ပိုက်ဆံရရ ၊ မရရ ဝါသနာအရလုပ်တဲ့အချိန်တွေ၊ နောက်ဆုံး ခုလက်ရှိ Professional အဖြစ်လုပ်တဲ့ အချိန်တွေအထိ အားလုံးပေါင်းရင် ခုဆို ဆယ်စုနှစ်တစ်ခု နီးပါရှိပြီပြောရမယ်…

အဲ့လောက်အချိန်တွေကြာလာတော့ ကျွန်တော့အတွက် ကွန်ပျူတာ နဲ့ အလုပ်လုပ်ရတာဟာ ဖိနပ်စီးပြီး လမ်းလျှောက်ရသလို အလွယ်တကူအသားကျနေတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့တယ်… အဲ့နောက်မှာတော့ တခြား ကွန်ပျူတာ သုံးတဲ့လူတွေလည်း ကျွန်တော့လို Code တွေမရေးတက်တာကလွဲရင် ကျွန်တော့်အနေနဲ့ အခြေခံလို့ ယူဆထားတဲ့ Parental Control ဘာညာ လောက်တော့ လုပ်တက်မယ်လို့ ထင်နေခဲ့တယ်.. အဲ့မှာ စလွဲတာပဲ….

ဖြစ်ချင်တော့ ဒီရက်ပိုင်းမှာ ကျွန်တော်နဲ့ Active English က ကိုမျိုးဇင်(Zin Zae Lwin) ပေါင်းဖွင့်ထားတဲ့ Active-IT ဆိုတဲ့ ကွန်ပျူတာ သင်တန်းလေးမှာ ကလေးတွေအတွက် နွေရာသီ ကွန်ပျူတာ သင်တန်းဖွင့်ဖြစ်တယ်… လူကြီးတွေကိုတောင် Programming လောက်မှ သင်ချင်တဲ့ ကျွန်တော်ဟာ ကလေးတန်းတွေမှာ ကလေးတွေကို စာရိုက်နည်း ဖိုင်ကူးနည်း စတဲ့ တောက်တို မယ်ရတွေကို သင်ဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိခဲ့ဘူး…

ဒါပေမဲ့ ဆရာမတစ်ယောက်အလုပ်က ရုတ်တရက် နားသွားတာကြောင့် အခြေအနေအရ ကျွန်တော် သင်မှကိုရမယ့် အခြေအနေဖြစ်လာတယ်…. အစပိုင်းမှာ သိပ်စိတ်မပါလှပေမဲ့ ကိုယ် စထားတဲ့အလုပ်ဆိုတော့ ကိုယ်မှမလုပ် ဘယ်သူလုပ်မလဲဆိုပြီး ကလေးတွေကို ကျွန်တော်ပဲ စာဝင်သင်ဖို့ဆုံးဖြတ်လိုက်တယ်…. အဲ့လိုနဲ့ စကြရောဆိုပါတော့……

ပထမ တစ်ရက် နှစ်ရက်မှာ အေးဆေးပဲ ကျွန်တာ် အာရုံသိပ်မရှိဘူး… သုံးလေးရက်လောက်ကြာတော့ ကျွန်တော် ကလေးတွေနဲ့ နေရတာပျော်လာတယ်.. သူတို့နဲ့ ပိုပြီး သေချာစကားပြောဖြစ်တဲ့နောက်ပိုင်း တစ်ခုကို သတိထားမိလာတယ်.. အဲ့ဒါက ဘာလဲဆိုတော့ ကိုယ်တိုင်လည်း ကွန်ပျူတာ သုံးတက်ပြီး သားသမီးတွေကိုလည်း ကွန်ပျူတာ သင်တန်းပို့ပေးတဲ့ မိဘတွေဟာ တကယ်တမ်းမှာ နည်းပညာနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို ဘာမှမသိဘူးဆိုတာပဲ..

အကျိုးဆက်ကတော့ ကိုယ့်ကလေးကို တက်စေချင် တော်စေချင်တဲ့စိတ်ကြောင့် ကွန်ပျူတာသင်တန်းကို အချိန်ကုန် ငွေကုန် လူပင်ပန်းခံပြီး ပို့ပေးတဲ့ မိဘတွေကိုယ်တိုင်က တစ်နည်းမဟုတ် တစ်နည်း နဲ့ သူတို့ ကလေးတွေအတွက် အန္တရာယ်လို ဖြစ်နေတာပဲ….

ကျွန်တော့်သင်တန်းမှာ တက်နေတဲ့ ကလေးတွေအားလုံံးလိုလိုရဲ့ မိဘတွေဟာ အစွန်းနှစ်ဘက်မှာ ရောက်နေကြတယ်.. ခုချိန်အထိ မျှမျှတတ တစ်ယောက်မှ မတွေ့သေးဘူး… ပထမအစွန်းက ဘာလဲဆိုတော့ ကိုယ့်ကလေးကို တော်စေချင် တက်စေချင်တယ်… ဒါပေမဲ့ ကွန်ပျူတာ တွေ ဖုန်းတွေသုံးရင် မျက်စိပျက်မယ်.. ဂိမ်းတွေဆော့ရင် ဝက်ရူးပြန်မယ်… သွပ်ချာပါဒဖြစ်မယ်.. ကွန်ပျူတာရှေ့ ထိုင်နေရင်း ငုတ်တုတ်ကြီး သေသွားမယ်ဆို တဲ့အစွန်းဖြစ်တယ်….

အဲ့လိုမိဘတွေဟာ ကလေးတွေကို ကွန်ပျူတာသုံးတက်အောင်ဆိုပြီး သင်တန်းပို့တယ်.. ဒါပေမဲ့ အိမ်မှာ ကွန်ပျူတာပေးမသုံးဘူး.. တချို့ဆို သုံးမှာစိုးလို့ အိမ်မှာ ကွန်ပျူတာ တမင်ကိုဝယ်မထားဘူး… အဲ့လိုမိဘတွေရဲ့ လုပ်ရပ်က ဘယ်လိုဖြစ်နေလဲဆိုတော့ ကိုယ့်ကလေးကို လမ်းမလျှောက်တက်မှာစိုးလို့ လမ်းလျောက်နည်း သင်တန်း နှစ်လပို့၊ သင်တန်းလည်းပြီးရော လမ်းလျှောက်ရင် ချော်လဲပြီး ခြေထောက်ကျိုးမှာစိုးလို့ ဘီးတပ် ကုလားထိုင်ပေါ်ပဲ တင်ထားတယ် ဆိုတာလိုမျိုးဖြစ်နေတယ်..

အဲ့လိုမိဘတွေဟာ ကိုယ့်ကလေးဟာ Paint 3D လေးနဲ့ ပုံတွေဆွဲရင်း တစ်နေ့နေ့မှာ Engineering Drawing တွေဆွဲနေရတဲ့ အင်ဂျင်နီယာ ဖြစ်လာနိုင်တယ်ဆိုတာကို မသိသလို… Paint လေးနဲ့ ပုံတွေဆွဲရင်း တစ်နေ့နေ့မှာ အဲ့ကလေးရဲ့ ဝါသနာက သူ့ကို တကယ့် Graphic Designer ကောင်းတစ်ယောက်အဖြစ် တွန်းတင်ပေးသွားနိုင်တယ်ဆိုတဲ့ အလားအလာကိုမသိကြဘူး… သူတို့မှာ သားသမီးကို စိတ်ပူလို့ ကာကွယ်တာဟာ ကလေးရဲ့ အလားအလာကိုပါ ဟန့်တားသလို ဖြစ်နေတာကို သတိမမူမိကြဘူး… ဒါက ပထမအစွန်း….

ဒုတိယအစွန်းက ဘာလဲဆိုတော့ ပထမအစွန်းနဲ့ ဆန့်ကျင်ဘက် ကိုယ့်ကလေးကို သိစေချင်တက်စေချင်တော့ ဖုန်းတွေ ကွန်ပျူတာတွေကို စိတ်ကြိုက်ပေးသုံးထားတယ်… ဒါပေမဲ့ Parent Control ကတော့ နတ္ထိ… အဲ့မိဘတွေက Parental Control ဆိုတာဟာ ကလေးတွေကို အချိန်အတိုင်းအတာ တစ်ခုနဲ့ပဲ စက်ပစ္စည်းတွေကို ပေးသုံးတာလို့ နားလည်ထားပုံပေါ်တယ်…. တကယ် အန္တရာယ်ဖြစ်လာနိုင်တာတွေအတွက် ကာကွယ်ထားတာ ဘာမှ မတွေ့ရဘူး… ရှင်းရှင်း ပြောရရင် ကလေးတချို့မှာ ပါလာတဲ့ Laptop တွေ Phone တွေဟာ ဘာအတားအစီးမှ မရှိတာကြောင့် စိတ်ပါရင် ညစ်ညမ်း Website တွေကို အလွယ် တကူဖွင့်ကြည့်လို့ရတယ်…

အဲ့မှာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို ပြောဖူးတာကိုသွားသတိရတယ်… ဘာလဲဆိုတော့ သူ့တူက ရှစ်တန်း.. အိမ်က စိတ်ပူလို့ အရေးအကြောင်းဆို ဆက်သွယ်လို့ ရအောင် ဖုန်းတစ်လုံးပေးထားတယ်… တစ်နေ့ ကိစ္စတစ်ခုနဲ့ ကျွန်တော့်သူငယ်ချင်းက သူ့တူဖုန်းကို ဖွင့်ကြည့်ဖြစ်ရော… အဲ့မှာ စတွေ့တာ .. သူ့တူရဲ့ FB Search Result တစ်ခုလုံးက ညစ်ညမ်း video တွေ၊ ပုံတွေတင်တဲ့ Group တွေ Page တွေနာမည်တွေနဲ့ ပြည့်နေတာပဲတဲ့…. တစ်ခု နှစ်ခုလောက်ဆို စိတ်လျှော့လို့ ရပေမဲ့ အားလုံး ဒါတွေချည်းပဲ ဆိုတော့ ကျွန်တော့်သူငယ်ချင်းကလည်း နည်းနည်းတော့ စိတ်ပူတယ်နဲ့ တူပါတယ်…

အဲ့တုန်းကတော့ ကျွန်တော်က ခပ်အေးအေးပဲ.. မင်းကလဲ Parental Control App တစ်ခုခုထည့်ထားလိုက်ပေါ့ လို့ အလွယ်ပဲပြောမိတယ်… စိတ်ထဲတော့ ဒီကိစ္စလောက်ဟာ အုပ်ထိန်းသူလူကြီးတိုင်းလုပ်တက်တဲ့ ကိစ္စပဲရယ် လို့ပဲ အဲ့အချိန်က တွေးမိတယ်….

အခု ကိုယ်တိုင် ကလေးတွေအများကြီးနဲ့ အနီးကပ်နေရတော့မှ ကျွန်တော်တို့ နိုင်ငံက ကလေး တွေမှာ Parental Control ဆိုတာ နတ္ထိပါလားရယ်လို့ သဘောပေါက်ရတယ်….

အဲ့တော့ ဒီမှာ ကျွန်တော် အစွန်းနှစ်ဘက်ကို ရောက်နေတဲ့ ကလေးမိဘတွေကို အကြံဉာဏ် နည်းနည်းပေး ချင်ပါတယ်…

၁။ ကလေးတွေကို ကွန်ပျူတာတွေ ဖုန်းတွေပေးသုံးပါ.. အဲ့လို ပစ္စည်းတွေနဲ့ ဘယ်လိုမှ ကင်းနေလို့ မရတဲ့ အခုခေတ်ကြီးမှာ ပေးသာသုံးပါ.. ကျွန်တော်တို့ တကယ်စိတ်ပူရမှာက ကလေးတွေ ကွန်ပျူတာတွေဖုန်းတွေကို ဘယ်လောက်ကြာကြာ သုံးနေလဲ ဆိုတာထက် ဘယ်လိုသုံးနေလဲ ဆိုတာကို စိတ်ပူရမှာပါ… အကယ်လို့ ကလေးက ကွန်ပျူတာနဲ့ သူဆွဲချင်တဲ့ ပုံလေးတွေဆွဲလိုက်.. အင်္ဂလိပ်စာလုံးတွေဆက်လို့ရတဲ့ ဂိမ်းလေးတွေဆော့လိုက် လုပ်နေတာမျိုးဆိုရင် အဲ့ကလေးကို သွားတားစရာ အကြောင်းမရှိပါဘူး… အရမ်းအလွန်အကျွံကြီး မဟုတ်ဘူးဆိုရင်ပေါ့.. ဘာဖြစ်လို့လဲဆိုတော့ ပုံတွေဆွဲရင်း ကလေးရဲ့ ဖန်တီး နိုင်စွမ်းအား တိုးတက်လာမယ်… ဘာသာစကားပိုကျွမ်းကျင်လာမယ် စသည်ဖြင့်ပေါ့….

၂။ ကလေးတွေကို ဂိမ်းပေးဆော့ပါ.. တချို့မိဘတွေက ကလေးတွေဂိမ်းဆော့တယ်ဆို လုံးဝမကြိုက်ချင်ကြဘူး.. ဒါပေမဲ့ ဒီစာဖတ်မိတဲ့ မိဘတိုင်းလိုလို Candy Crush လောက်တော့ဆော့ဖူးကြမှာပါ…. ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်ပါ… ဂိမ်းတွေဟာ လွယ်လွယ်နဲ့ နိုင်သလားလို့… ဂိမ်းဆော့တယ်ဆိုတာ ဦးနှောက်ကို အလုပ်ပေးရတာပါပဲ… အရမ်းအလွန်အကျွံမဟုတ်ဘူးဆိုရင် ဂိမ်းဆော့တာက ကလေးတွေကို ပိုပြီး စနစ်တကျ စဉ်းစားတက်အောင် ကူညီပေးနိုင်ပါတယ်…. သူတို့ သူငယ်ချင်းတွေနဲ့ အတူတူဆော့မှ ရတဲ့ ဂိမ်းမျိုးတွေဆို အသင်းအဖွဲ့ နဲ့လုပ်ဆောင်တက်တဲ့ အကျင့်ကိုလည်း ဖြစ်စေပါတယ်…

၃။ Parental Control နဲ့ပက်သတ်တာတွေကို မိဘတွေက လေ့လာပါ.. ကလေးတွေသုံးမယ့် ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ Network တွေမှာ Parental Control Software တွေသုံးပါ… ကလေးတွေဆော့တဲ့ ဂိမ်းတွေကိုလည်း သူတို့အသက်အရွယ်နဲ့ ကိုက်မကိုက် စစ်ဆေးပြီးမှ ထည့်ပေးပါ… (နောက်အားရင် Parental Control နဲ့ ပက်သက်ပြီးလုပ်သင့်တာတွေကို သပ်သပ်ထပ်ရေးပေးပါဦးမယ်)

၄။ ကွန်ပျူတာနဲ့ ပတ်သက်ပြီး သူတို့စိတ်ဝင်စားတဲ့ ဘာသာရပ်တွေသင်တဲ့ သင်တန်းတွေကို ပို့ပေးပါ… ဥပမာ ပုံဆွဲဝါသနာပါတဲ့ ကလေးဆို ကွန်ပျူတာနဲ့ ပုံဆွဲနည်းသင်တန်းလိုမျိုးပေ့ါ.. (ကျွန်တော်မဖွင့်ဘူးနော်.. အဆုံးသတ် တော့လည်း ကြေငြာပြီး လူလာဆွယ်နေတယ် ဖြစ်မစိုးလို့)… အရာအားလုံးမှာ ကောင်းတာနဲ့ ဆိုးတာ ဒွန်တွဲနေတဲ့အတွက် ကွန်ပျူတာ၊ အင်တာနက် စတာတွေကလည်း ဘာမှ မထူးပါဘူး…. အဲ့လိုအခြေအနေမျိုးမှာ ကိုယ့်သားသမီးကို မကောင်းတဲ့ဘက် မရောက်စေဘဲ ကောင်းတဲ့ဘက်ရောက်အောင် လုပ်ဖို့က အရေးကြီးပါတယ်… ဟိုတစ်နေ့က ကလေးတွေကို Programming သင်တဲ့ သင်တန်းတစ်ခုက ကလေးတွေ နိုင်ငံခြားအထိ သွားပြိုင်ပြီးဆုတွေဘာတွေတာင်ရတယ်လို့ တွေ့လိုက်သေးတယ်… အဲ့ဒါမျိုးကို ကျွန်တော် တကယ်ဝမ်းသာတယ်.. မိဘတွေအနေနဲ့လည်း ကိုယ့်ကလေးကို စိတ်ပူပြီး လိုက်ချုပ်ခြယ်တာ၊ တက်စေချင်လို့ လွှတ်ထားတာမျိုးထက် အဲ့လိုမျိုး လမ်းကြောင်းမှန်ပေါ်ကို ရောက်အောင်လုပ်ပါ (ကလေးဝါသနာပါတာတော့ ဖြစ်ပါစေ)…..

နောက်ဆုံးသတိပေးချင်တာကတော့ မိဘတွေအနေနဲ့ တကယ်စိတ်ပူရမှာက အလွန်အကျွံမဟုတ်ဘူးဆို ကလေးတွေ တစ်ရက် ကွန်ပျူတာ ဘယ်လောက်ကြာကြာသုံးသလဲထက် ဘယ်လို သုံးနေသလဲ.. ဘာတွေသုံးနေလဲ ဆိုတာကို စိတ်ပူရမှာပါ….

ကိုယ့်သားသမီးတွေကို မှန်ကန်သောနည်းလမ်းနဲ့ သင်ကြား စောင့်ရှောက်နိုင်ကြပါစေဗျာ…..

(သိချင်တာလေးတွေရှိသေးလို့ ကျွန်တော့် အကောင့်မှာလာမေးကြတဲ့ မိဘတွေ အနေနဲ့လည်း နောက်ပိုင်း ကျွန်တော်ရေးမယ့် Parental Control နဲ့ ပတ်သက်တာတွေကို မလွတ်တမ်း ဖတ်ချင်ရင် Page ကို Parental Control လို့ စာပို့ထားလို့ရပါတယ်)