Domain နဲ့ Hosting ကို ချိတ်ရတာက သိပ်ခက်တဲ့အလုပ်လားလို့ မေးရင်တော့မဟုတ်ဘူးလို့ပဲ ပြောရမှာပါ၊ မခက်တဲ့အပြင် လုပ်နေကျလူတွေ အတွက်ဆို အရမ်းလွယ်တဲ့အလုပ်ပါ။ Domain နဲ့ Hosting ကို Provider တစ်ခုတည်းက ဝယ်ထားတဲ့ သူတွေအတွက်ဆို ဘာမှတောင်လုပ်စရာမလိုပါဘူး။ ဒါပေမဲ့ Domain ကို Godaddy ကဝယ်ပြီး Hosting ကို Siteground ကဝယ်မိတာလိုမျိုး Domain Registrar နဲ့ Hosting Provider မတူတဲ့ အခါမျိုးမှာ ဆိုရင်တော့ ကိုယ်ဝယ်ထားတဲ့ Domain နဲ့ Hosting မှန်မှန်ကန်ကန် ချိတ်ဆက်ပြီး အလုပ်လုပ်ဖို့ အတွက် DNS(Domain Name Server) တွေကို နည်းနည်း အပြောင်းအလဲလုပ်ပေးဖို့လိုပါတယ်။

အဲ့လိုမျိုး DNS ကို ပြင်တဲ့အခါမှာ Hosting Provider ပေါ်မူတည်ပြီး DNS ထဲက A Record ပြင်တာ၊ CNAME Record ထည့်ပေးရတာ၊ Nameserver ပြောင်းပစ်တာ စသည်ဖြင့် နည်းအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သာမန် cPanel Hosting တွေမှာ အသုံးများတဲ့ Nameserver ပြောင်းပြီး Configure လုပ်တဲ့ နည်းကို ဖော်ပြသွားမှာပါ။ ကျန်တဲ့ နည်းတွေမပါတော့ လုပ်လို့ အဆင်ပြေပါ့မလားဆိုပြီးတော့လည်း စိတ်ပူမနေပါနဲ့ ၊ ကျန်တာတွေက Heroku, Openshift, AWS စတဲ့ PaaS, IaaS တွေနဲ့အလုပ်လုပ်မှသာ အသုံးများတဲ့အတွက် ပုံမှန် cPanel Hosting တွေအတွက်ဆို Nameserver ပြောင်းတာနဲ့တင်လုံလောက်ပါတယ်။

Domain နဲ့ Hosting ကိုချိတ်တော့မယ်ဆိုရင် လုပ်ရမယ့်အဆင့်က ၃ ဆင့်ပဲရှိပြီးအရမ်းလွယ်ပါတယ်။ အတိုချုပ်ပြောရရင်တော့

  1.  ကိုယ့် Hosting Provider ရဲ့ Nameserver ကိုရှာပါ။
  2.  ပြီးရင်တော့ Domain Registrar ဆီမှာ Nameserver တွေကို ကိုယ့် Hosting Provider ဆီကရတဲ့ Nameserver တွေနဲ့ ပြောင်းပစ်ပါ။
  3. နောက်ဆုံးအဆင့်အနေနဲ့တော့ ကိုယ့် Domain အသစ်ကို Hosting Provider ရဲ့ cPanel ထဲမှာ Addon Domain အဖြစ်ထည့်ပါ။

အဲ့အဆင့်သုံးဆင့်ကို လက်တွေ့ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ Godaddy မှာ Register လုပ်ထားတဲ့ Domain တစ်ခုနဲ့ Inmotion Hosting က  Hosting Account တစ်ခုကို အသုံးပြုပြီး အဆင့်အဆင့်ပြသွားပါမယ်။

Step 1: Nameserver အားရှာဖွေခြင်း

ပထမဆုံးအဆင့်မှာလုပ်ရမှာကတော့ ကိုယ့် Hosting Server ကပေးထားတဲ့ Nameserver နာမည်ကိုရှာရမှာပါ။ အဲ့ဒီ Nameserver တွေရဲ့ နာမည်တွေက များသောအားဖြင့် ns1, ns2 စတာတွေနဲ့ စလေ့ရှိပြီး များသောအားဖြင့် အနည်းဆုံး နှစ်ခုတော့ ရှိပါတယ် ။ ဥပမာအားဖြင့် Inmotion Hosting ရဲ့ Nameserver နှစ်ခုက ns1.inmotionhosting.com နဲ့ ns2.inmotionhosting.com ပါ။ Hosting Provider တိုင်းက တခြားနေရာက Domain ဝယ်လာပြီး သူတို့နဲ့ ချိတ်ချင်ရင် ဘယ် Nameserver တွေကိုသုံးရမယ်ဆို တာ သူတို့ Website တွေထဲမှာ  ဖော်ပြထားပါတယ်။ ဒါပေမဲ့ တစ်ခုနဲ့ တစ်ခု  မတူတော့ ဘယ်နေရာမှာ သွားရှာလို့ ရတယ်ဆိုတာမျိုး အတိအကျပြောဖို့တော့မလွယ်ပါဘူး။ များသောအားဖြင့်တော့ Support, FAQ စတဲ့ Section တွေထဲမှာ တွေ့နိုင်ပါတယ်။ များသောအားဖြင့် တော့ “nameservers of inmotion hosting” ဆိုတာလိုမျိုး Google မှာရိုက်ရှာလိုက်တာက ပိုမြန်ပါတယ်။  အောက်က Screenshot ထဲမှာဆို inmotion hosting ရဲ့ Nameserver တွေကို Google ကနေကျွန်တော်ရှာထားတာကိုတွေ့နိုင်ပါတယ်။ (Active-IT ကသင်တန်းသားတွေသုံးဖို့  ပေးထားတဲ့ Active-IT hosting မှာဆိုရင်တော့ ns1.activeitclass.com နဲ့ ns2.activeitclass.com တို့ကို Nameserver အဖြစ်အသုံးပြုနိုင်ပါတယ်)

Step 2: Domain Registrarတွင် Nameserver အသစ်များထည့်သွင်းခြင်း

ဒုတိယအဆင့်အနေနဲ့လုပ်ရမှာကတော့ ကိုယ့် Hosting Server ရဲ့ Nameserver တွေကို Domain Registrar မှာသွားပြင်ရမှာပါ။ ကျွန်တော်ကတော့ ဒီနေရာမှာ GoDaddy ကို သုံးပြီးပြသွားပါမယ်။ပထမဆုံးလုပ်ရမှာကတော့ GoDaddy က ကိုယ့်အကောင့်ထဲကိုဝင်ပါ။ ဝင်ပြီးပြီဆိုရင်အောက်က အတိုင်းတွေ့ရပါလိမ့်မယ်။ အကယ်လို့ မတွေ့ရရင် ညာဘက် အပေါ်ဆုံးထောင့်မှာရှိတဲ့ ကိုယ့်နာမည် အောက်က Drop down menu အောက်က My Products ကိုနှိပ်ပါ။ (ဒါပေမယ့် GoDaddy က သူတို့ Website ကို Update လုပ်ရင်ပုံစံပြောင်းသွားနိုင်တဲ့အတွက် အရမ်းအသေကြီးတော့ မှတ်မထားပါနဲ့ )
ကိုယ်ဝယ်ထားတဲ့ Domain တွေနဲ့ တခြား Product တွေ Page ကိုရောက်ပြီဆိုရင် ပုံမှာပြထားတဲ့ အတိုင်း ကိုယ် ပြင်ချင်တဲ့ Domain ရဲ့ နောက်က DNS ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။ နောက်တဆင့်မှာတော့ အောက်က ပုံမှာ ပြထားတဲ့အတိုင်း ကိုယ့် Domain အတွက် DNS Record တွေပြင်လို့ရတဲ့ စာမျက်နှာကိုရောက်သွားမှာပါ။ ပုံမှာပြထားတဲ့ Nameservers Setting ပြင်လို့ရတဲ့ နေရာကိုရောက်ဖို့ အောက်ကို နည်းနည်းတော့ဆွဲကြည့်ရပါလိမ့်မယ်။
အဲ့အထိရောက်သွားပြီဆိုရင်တော့ ပုံမှာ မြားပြထားတဲ့ အတိုင်း Change ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း drop-down menu တစ်ခု ပေါ်လာပြီဆိုရင် Custom ကိုရွေးလိုက်ပါ။ Custom ကိုရွေးလိုက်ပြီဆိုတာနဲ့ အောက်မှာ Text box နှစ်ခုပေါ်လာပါလိမ့်မယ်။ အဲ့အထဲမှာ ပထမအဆင့်တုန်းက ကိုယ်ရှာထားခဲ့တဲ့ ကိုယ့် Hosting Provider ရဲ့ nameserver တွေကိုထည့်ပါ။
ကိုယ့် Nameserver တွေထည့်ပြီးပြီဆိုရင်တော့ အသုံးသတ်အနေနဲ့ Save ကိုနှိပ်ပြီးရင်တော့ ဒုတိယအဆင့်ပြီးပါပြီ။

Domain အသစ်အား Hosting တွင်ထည့်သွင်းခြင်း

ဒီအဆင့်ကတော့ နောက်ဆုံးအဆင့်ပါ။ ဒီအဆင့်မှာအရင်ဆုံးလုပ်ရမှာက ကိုယ့် cPanel ထဲကိုဝင်ပါ။ ပြီးရင် Domain အောက်ကပုံမှာပြထားတဲ့ အတိုင်း Domain ဆိုတဲ့ Section ကိုရှာပြီး အထဲက Addon Domains ဆိုတာတဲ့ setting ကို နှိပ်ပါ။

Addon Domains ကိုနှိပ်ပြီးပြီဆိုရင်တော့ အောက်ကပုံမှာမြင်ရတဲ့ အတိုင်း Domain အသစ်ထည့်လို့ ရတဲ့ နေရာကိုမြင်ရမှာပါ။ အဲ့ဒီ့နေရာကိုရောက်ပြီဆိုရင်တော့ အပေါ်ဆုံးက New Domain Name ဆိုတဲ့ Text box ထဲမှာ ကိုယ့် Domain Name ကိုထည့်ပြီး Tab တစ်ချက်နှိပ်လိုက်ရင် Subdomain နဲ့ Document Root ဆိုတဲ့ Text box နှစ်ခုထဲမှာပါ အလိုအလျောက် ဖြည့်သွင်းပြီးသားဖြစ်သွားပါလိမ့်မယ်။ cPanel ကအလို အလျောက်ဖြည့်သွင်းပေးထားတာကို မကြိုက်ဘူးဆိုရင် ကိုယ် စိတ်တိုင်းကျ ပြင်ဆင်နိုင်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိထားရမှာက cPanel အလိုအလျောက်ဖြည့်သွင်းပေးလိုက်တဲ့ Document Root ပါ။ ကိုယ်က Add Domain ဆိုတဲ့ ခလုပ်ကိုနှိပ်လိုက်ပြီဆိုတာနဲ့ cPanel က ကိုယ့်ရဲ့ Home folder အောက်မှာ အဲ့နာမည်အတိုင်း folder တစ်ခု ဆောက်ပေးမှာ ဖြစ်ပြီး အဲ့ folder က ကိုယ့် domain အသစ်ရဲ့ document root ဖြစ်လာမှာပါ။ အဆုံးသတ်အနေနဲ့ Add domain ဆိုတဲ့ ခလုပ်ကို နှိပ်ပြီးရင်တော့ Domain အသစ်ကို configure လုပ်တာအောင်မြင်စွာပြီးဆုံးပါပြီ။
ပြီးပြီဆိုရင်တော့ ကိုယ့် document root အသစ်အောက်မှာ ကိုယ့်ဘာသာ ရေးထားတဲ့ application ကို deploy လုပ်တာပဲဖြစ်ဖြစ်၊ WordPress, Joomla, Drupal စတဲ့ CMS တွေ install လုပ်တာပဲဖြစ်ဖြစ်လုပ်လို့ ရပါပြီ။ အကယ်လို့ ကိုယ့် Domain ကချက်ချင်းတက်မလာဘူးဆိုရင် ခဏတော့ စောင့်ပေးဖို့လိုပါတယ်